Skip to main content

မိမိတို့ စဉ့်ကူးမြို့၏အနေအထား စဉ့်ကူးမြို့သည် ဧရာဝတီမြစ်၏ဘေးတွင် တည်ရှိပြီး အနောက် ဘက်တွင်ဧရာဝတီမြစ်၊ အရှေ့ဘက်တွင် မန္တလေး-မိုးကုတ်ကားလမ်းနှစ်ခု၏ ကြားထဲတွင် တည်ရှိသော မြို့နယ် ဖြစ်ပါကြောင်း၊ စဉ့်ကူးမြို့နယ်တွင် အုပ်စုပေါင်း ၃၉ အုပ်စုရှိပြီး အုပ်စု တော်တော်များများကလည်း ဧရာဝတီမြစ်ဘေးရှိရေဝင်ဒေသများ ဖြစ်ကြပါကြောင်း၊ ထို့ကြောင့် မိမိတို့စဉ့်ကူးမြို့နှင့်တကွစဉ့်ကူးမြို့နယ်အတွင်းရှိ မိဘပြည်သူမဲဆန္ဒရှင်များသည် အရှေ့ဘက်ရှိ မိုးကုတ်-မန္တလေး၊ ဗန်းမော်-မြစ်ကြီးနား ဗျူဟာလမ်းကိုရောက်မှသာလျှင် ကျန်သည့်နေရာများကို ဆက်လက်ပြီးခရီးသွားလာခြင်း၊ မိမိလိုရာကို ဆောင်ရွက်နိုင်ခြင်း ပြုနိုင်ကြသည့်အတွက် မိမိတို့ စဉ့်ကူးမြို့နယ်က မိုးကုတ်-မန္တလေးကားလမ်းပေါ်ကို ထွက်ပေါက်နှစ်ခုရှိပါကြောင်း၊ တစ်ခုက စဉ့်ကူး ကတိုက်ရိုက်ထွက်လမ်းက အခြေအနေကောင်းပါသော်လည်း စဉ့်ကူးမြို့၏ အောက်ဘက်ရှိ ရွှေပြည်-ထုံးကြီးလမ်းသည် မြေသားလမ်းဖြစ်သည့်အတွက် ယခုလို မိုးတွင်းတွင်အင်မတန် သွားရေးလာရေး ခက်ခဲသည်ကို တွေ့ရပါကြောင်း၊

၎င်းလမ်းသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာယာအဖွဲ့က တည်ဆောက်ခဲ့သည့် လမ်းဖြစ်ပါကြောင်းလမ်း၏အရှည်သည်     (၃/၅) မိုင် ရှိပြီး လမ်းပေါ်တွင် တံတား ၁၂ စင်းနှင့် တည်ဆောက်ခဲ့ရသည့်လမ်းလည်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည်မိမိတို့၏ ဧရာဝတီမြစ်ရေဝင် ဒေသဖြစ်သော အောက်ပိုင်းကျွန်းထဲဒေသများက ကျေးရွာအုပ်စု ၁၅ စု၊ ကျေးရွာပေါင်း ၃၇ ရွာနှင့် လူဦးရေပေါင်း ၃၀၀၀၀ ကျော်သည် ၎င်းလမ်းကို လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အတွက် နိစ္စဓူဝသုံးစွဲနေရသည့်လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ရွှေပြည်-ထုံးကြီးဆိုသည့် နားတွင် ထုံးကြီးသည် ဧရာဝတီမြစ်ကမ်းပေါ်တွင်ရှိပြီး ရွှေပြည်က ဗျူဟာလမ်းပေါ်တွင် တည်ရှိသည့်လမ်းဖြစ်သည့်အတွက် ထုံးကြီးပတ်ဝန်းကျင်ရှိ ကျေးရွာအုပ်စုများသည် ပထမအဆင့် ထုံးကြီးကိုလာကြရပါကြောင်း၊ ထုံးကြီးမှ (၃/၅) မိုင်ရှိသည့်လမ်းကိုဖြတ်ပြီးမှ ရွှေပြည်ကို ရောက်ပါကြောင်း၊ ရွှေပြည်ရောက်မှ ဗျူဟာလမ်းပေါ်ရောက်မှသာလျှင် ၎င်းတို့၏ကျန်သည့် နေရာများ မြန်မာပြည်အနှံ့ကိုသွားနိုင်သည့်အနေအထားမျိုးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဤလမ်း သည်အလွန်အရေးကြီးပြီး မိမိတို့ စဉ့်ကူးမြို့နယ်၏အရေးကြီးသော ထွက်ပေါက်တစ်ပေါက်လည်း ဖြစ်ပါကြောင်း၊ ၎င်းလမ်း၏အနေအထားသည် မြေသားလည်းဖြစ်သည့်အတွက်ကြောင့် ရာသီမရွေး မသွားလာနိုင်ပါကြောင်း၊ မိုးတွင်းတွင်ပျက်စီး၊ ဆောင်းတွင်းတွင်ပြုပြင် နွေတွင်သာသုံးနိုင်ပါကြောင်း၊ ထို့ကြောင့်အဆိုပါလမ်းသည် တကယ်တော့ နှစ်ရာသီသာသုံးနိုင်သည့်လမ်းဖြစ်ပါကြောင်း၊

ယခုလက်ရှိအနေအထားအရရေများ တက်လာပြီဖြစ်ပါကြောင်း၊ နမ့်မင်းချောင်းတံတားသည် ၂၀၁၇ ခုနှစ်က သစ်သားတံတားဖြစ်ပါကြောင်း၊ ပြိုကျပျက်စီးသွားသည့်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင် တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေသန်း ၇၀၀ ဖြင့်တည်ဆောက်ခဲ့သောတစ်ခုတည်းသော သံကူကွန်ကရစ်တံတား ဖြစ်ပါကြောင်း၊ အမှတ်(၂) တံတားသည် ၁၂ စင်းအနက်ကပထမဆုံး နံပါတ် ၂ ဖြစ်ပါကြောင်း၊ လမ်းဘေးရှိ ကျွန်းထဲရွာကိုတွေ့ရပါကြောင်း၊ ကျွန်းထဲအုပ်စုကကျေးရွာများသည် ယခုမော်တော်ယာဉ်လေးဖြင့် ၎င်းထုံးကြီးရွာကို လာကြရပါကြောင်း၊ ထိုမှတစ်ဆင့် အရှေ့ဘက်ရှိ ရွှေပြည်ရွာကိုသွားပြီးမှ ဗျူဟာလမ်းမှတစ်ဆင့်  အသုံးပြုကြခြင်းဖြစ်ပါကြောင်း၊ မနှစ်က ဇူလိုင်လ နောက်ပိုင်း မိုးများရွာပြီး ရေလျှံသွားပြီးပါက ကျန်ရစ်ခဲ့သည့်လမ်းမှာ ပြုပြင်ရတော့မည့် လမ်းအနေအထား ဖြစ်ပါကြောင်း၊ ယခုနှစ်တွင်လည်း ရေလွှမ်းမိုးနေပြီ ဖြစ်ပါကြောင်း၊ ယခု ဇူလိုင်လ ၁၂ ရက်နောက်ပိုင်းတွင် မိမိဖုန်းဖြင့်မေးသည့်အခါ အမှတ်(၈) တံတားမှ (၁၂) ထိရေများ လွှမ်းသွားသည်ဟု သိရှိရကြောင်း၊ ထို့ကြောင့် စဉ့်ကူးမြို့နယ်အတွင်းရှိ ရွှေပြည်-ထုံးကြီးလမ်းပိုင်း အား ရာသီမရွေးသွားလာနိုင်သော ကျေးရွာချင်းဆက်လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။


 

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း

မန္တလေးတိုင်းဒေသကြီး၊ စဉ်းကူးမြို့နယ်အတွင်းရှိ ရွှေပြည်-တောင်အင်း-ထုံးကြီးကျေးရွာချင်းဆက် လမ်း (၃/၅) မိုင်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံ ခန့်ခွဲသောလမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းပေါ်တွင် မိမိတို့အနေဖြင့် ပေ ၂၁၀ အရှည်ရှိ သံကူ ကွန်ကရစ် တံတားတစ်စင်းနှင့် Box Culvert သုံးစင်းတို့ တည်ဆောက်ထားပြီးဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် လမ်းအဆင့်သတ်မှတ်ချက်အရ Class(A) ဦးစားပေးအဆင့် (၂) လမ်းစာရင်းတွင်ပါဝင်ပြီး ကျေးရွာပေါင်း ၃၇ ရွာနှင့် လူဦးရေပေါင်း ၃၀၀၀၀ ကျော်ကို အကျိုးပြုသည့်လမ်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဦးစားပေးထားပါကြောင်း၊ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်းအရှည်တစ်မိုင်ကို ကွန်ကရစ်လမ်းခင်းရန်အတွက် ရန်ပုံငွေတင်ပြထားပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေနှင့် ပေ ၅၀ အရှည်ရှိ သံကူကွန်ကရစ်တံတားတစ်စင်းနှင့် ပေ ၆၀ အရှည်ရှိ သံကူကွန်ကရစ်တံတား နှစ်စင်းကို  သစ်သားတံတားနေရာတွင် အစားထိုးတည်ဆောက်ရန်အတွက် ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း၊ ရန်ပုံငွေရရှိမှုအပေါ်မူတည်ပြီး ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ နှစ်မိုင်ကျော်ကလည်းကျန်ရှိကြောင်း၊ တာပေါင်လည်းမြှင့်ရမည်၊ နှစ်စဉ် ရေကျော်နေသည့်အတွက် ၎င်းအပိုင်းများကို လာမည့်နှစ်များတွင် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေတင်ပြတောင်းခံပြီး  ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါ သည်။