Skip to main content

မေးခွန်း အကြောင်းအရာ 

aye mya mya myoမေးခွန်းနံပါတ်(၁)အနေဖြင့် မသန်စွမ်းသောနိုင်ငံသားများ အလုပ်အကိုင် ရရှိစေမည့် အခွင့်အလမ်းအတွက် အဟန့်အတားဖြစ်နေသည့် ၂၀၁၅ ခုနှစ် ပြဋ္ဌာန်းထားသော တည်ဆဲ မသန်စွမ်းသူ များ၏ အခွင့်အရေးဥပဒေ၊ ကုလသမဂ္ဂ မသန်စွမ်းသူများအခွင့်အရေး သဘောတူ စာချုပ်တို့နှင့် ဆန့်ကျင်နေသော ဒီမိုကရေစီနည်းမကျသည့် အမိန့်၊ ညွှန်ကြားစာတို့ကို ပြန်လည် ရုပ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ သိရှိလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေ၏ ၄.၆ ရာခိုင်နှုန်းက မသန်စွမ်းဖြစ်ပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ၂၀၁၁ ခုနှစ် ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံလူဦးရေ ၇ သန်းခန့်သည် တစ်နည်း မဟုတ် တစ်နည်းဖြင့် မသန်စွမ်းသူများဖြစ်နေသည်ဟု ဆိုလိုချင်ပါကြောင်း၊ မသန်စွမ်းသူဟုဆိုရာတွင် ပြောပလောက်ခြင်းမရှိသည့် မသန်စွမ်းဖြစ်ခြင်းမျိုးနှင့် ပြင်းထန်သည့် မသန်စွမ်း ဖြစ်ခြင်းမျိုးဟူ၍ ရှိရာ အလုပ်လုပ်နိုင်စွမ်းကို မထိခိုက်နိုင်သည့် အခြေအနေမျိုးကိုပင် အလုပ်ခန့်အပ်မှုမရှိခြင်း၊ အသက်မွေးဝမ်းကျောင်းပညာ၊ ပညာရေးကောလိပ်များသို့ တက်ရောက်ခွင့်များ ကန့်သတ်ခြင်းများ ရှိပါကြောင်း၊ အလုပ်အကိုင်ခန့်ထားရန် ဥပဒေ ပြဋ္ဌာန်းသော အစိုးရကိုယ်တိုင်က အလုပ် ခေါ်စာများတွင် မသန်စွမ်းသော နိုင်ငံသားများ အလုပ်လျှောက်ခွင့်ကို ကန့်သတ်ထားခြင်း၊ ညွှန်ကြားချက်၊ အမိန့်များတွင် ကန့်သတ်ခြင်းမရှိသော်လည်း အင်တာဗျူးခေါ်ခြင်း၊ လူတွေ့ စစ်ဆေးခြင်းများတွင် ခြေပူးလက်ပူးဖြစ်နေခြင်းကြောင့် မသန်စွမ်းဟု သတ်မှတ်ကာ အလုပ်ခန့်အပ်မှု မရှိခြင်း၊ နာယကဂုဏ်နှင့် ညီညွတ်မှုမရှိဟုဆိုကာ ဆရာ၊ ဆရာမ အဖြစ်ရွေးချယ်ခြင်း မရှိခြင်းများသည် ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းများတွင် မရှိသင့်သည့်အပြင် ဒီမိုကရေစီ စနစ်နှင့် လည်း ဆန့်ကျင်နေပါကြောင်း၊

မသန်စွမ်းသူများကို ခွဲခြားဆက်ဆံနေမည်ဆိုပါက မြန်မာနိုင်ငံတွင်ရှိသော ၂.၃ သန်းခန့် မသန်စွမ်း နိုင်ငံသားများအပြင် မသန်စွမ်းသူများ၏မိသားစုဝင်များကို ဝန်ပိစေမည်သာမက နိုင်ငံ၏ လုပ်အား များလည်း ဆုံးရှုံးရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းများအတွက် ကုမ္ပဏီများအား မက်လုံးပေးခြင်း၊ နိုင်ငံတော်ဘတ်ဂျက်မှ သုံးစွဲပေးခြင်း၊ မသန်စွမ်းသူများသွားလာနေထိုင်နိုင်ရန် အဆောက် အဦ ဖန်တီးပေးခြင်း၊ အလုပ်လုပ်နိုင်သည့် အရည်အချင်းများရရှိရန် ပညာသင်ရန် ခွင့်ပြုပေးခြင်း၊ သင့်တော်ရာ အသက်မွေးဝမ်းကျောင်းပညာများ ဖန်တီးပေးခြင်းများ လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မေးခွန်းနံပါတ် (၂)အနေဖြင့် မသန်စွမ်းမှုရှိသော နိုင်ငံသားများ အလုပ်အကိုင် ခန့်ထားရန် မည်သို့စီစဉ်ဆောင်ရွက်ထားသည့်စပ်လျဉ်း၍ သိရှိလိုပါကြောင်း၊

မေးခွန်းနံပါတ်(၃)အနေဖြင့် ၂၀၁၅ ခုနှစ် မသန်စွမ်းသူများအခွင့်အရေးဥပဒေတွင် ပြဋ္ဌာန်း ထားသည့်အတိုင်း မသန်စွမ်းသူများကို အလုပ်ခန့်ထားပေးသည့် ကုမ္ပဏီများအတွက် အခွန် လျှော့ပေါ့ ထမ်းဆောင်စေမည့် အစီအစဉ်နှင့် မည်သည့် ကုမ္ပဏီများတွင် မသန်စွမ်းသူ မည်မျှကို အလုပ်ခန့်ထားပေးမည်ကို သိရှိလိုပါကြောင်း၊

မေးခွန်းနံပါတ်(၄)အနေဖြင့် ကုမ္ပဏီကြီးများတွင်  မသန်စွမ်းအလုပ်သမားများ အနည်းဆုံး မည်မျှခန့်ထားပေးရန် သတ်မှတ်ပေးထားခြင်း ရှိ/မရှိ ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများသည် ဝင်ငွေ မရှာနိုင်သူ၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေသူဆသည့် အမြင်တွေကိုပြောင်းလဲပြီး နိုင်ငံတော်၏ လူ့စွမ်းအား အရင်းအမြစ်နှင့် ကုန်ထုတ်စွမ်းအားများကို တိုးတက်လာနိုင်စေရန်အတွက် မသန်စွမ်းသော နိုင်ငံသားများကို အလုပ်ခန့်ထားပေးရန် စီစဉ်ဆောင်ရွက်ထားမှု အခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
ဖြေကြားချက် 

dr win myat ayeပထမမေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတစ်ခုတည်းအနေဖြင့် မသန်စွမ်းသူများအလုပ်အကိုင်ရရှိရေးအတွက် အဟန့်အတား ဖြစ်စေသော ဒီမိုကရေစီနည်းလမ်းမကျသော အမိန့်ညွှန်ကြားစာများ ထုတ်ပြန်ထားခြင်း မရှိပါ ကြောင်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့်  ဝန်ကြီးဌာန၏ လုပ်ငန်းသဘောသဘာဝအရ အလုပ်စတင်ခန့်ထားရာတွင် အရည်အချင်း သတ်မှတ်ချက် အနေဖြင့် သီးခြားအမိန့်ညွှန်ကြားစာအဖြစ် ထုတ်ပြန်ထားခြင်းမရှိသော်လည်း ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းရမည်ဟု ပါရှိပါကြောင်း၊

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းဟုဆိုရာတွင် အခြေအနေ အမျိုးမျိုးရှိနိုင်ပြီး အသိပညာ၊ အတတ်ပညာများပိုင်တွင်လည်း လုပ်ငန်းလိုအပ်ချက် နှင့်ကိုက်ညီမှု ရှိရန်လည်းလိုအပ်သည့်အတွက် မသန်စွမ်းအခြေအနေအဆင့်ပေါ် မူတည်ပြီး ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်ဟု ပြန်လည်ဖြေကြားထားပါကြောင်း၊

ပညာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ နည်း ဥပဒေမူကြမ်း အတည်ပြုပြဋ္ဌာန်းပြီးပါက မသန်စွမ်းသူများ၏ အခွင့်အလမ်းဥပဒေနှင့် ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးသဘောတူစာချုပ်တို့နှင့် ဆန့်ကျင်နေသော မသန်စွမ်းသူများ အလုပ်အကိုင်ရရှိစေနိုင်မည့် အခွင့်အလမ်းအတွက် အဟန့်အတားဖြစ်စေသည့် ဒီမိုကရေစီနည်း မကျသော ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် အမိန့်ကြော်ညာစာများကို ပြန်လည် စိစစ်ပြီး ရုပ်သိမ်းရန် လိုပါကရုပ်သိမ်းရန်နှင့် ပြင်ဆင်ဖြေလျှော့ရန်လိုပါကဖြေလျှော့ရန် စီစဉ် ဆောင်ရွက်သွားမည်ဟု ရှင်းလင်းတင်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊

ဒုတိယမေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာနအနေဖြင့် ဝန်ကြီးဌာနလက်အောက်တွင်ရှိသော ဦးစီးဌာနများတွင် ဝန်ထမ်းများ ခန့်အပ်သည့် နေရာတွင် မသန်စွမ်းသူများကို ထည့်သွင်းစဉ်းစားခန့်အပ်ပေးလျက်ရှိသည့်အပြင် တပ်မတော်မှ မသန်စွမ်းအရာရှိကြီးများကို နယ်ဘက်ဝန်ကြီးဌာနများတွင် အလုပ်အကိုင် နေရာချထား ပေးနိုင် ရေးအတွက် ကာကွယ်ရေးဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်လာပါက ပြည်ထောင်စု ရာထူးဝန် အဖွဲ့၏ သဘောတူညီချက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်း အဝေး သဘောတူညီချက်များနှင့် ဝန်ကြီးဌာနမှ လွှဲပြောင်းခန့်ထားပေးလျက်ရှိပါကြောင်း၊

 လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးရုံးတွင် မသန်စွမ်းသူ ၃ ဦး၊ လူမှုဝန်ထမ်းဦးစီးဌာနတွင် မသန်စွမ်းသူ ၅၉ ဦးနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတွင် မသန်စွမ်းသူ ၂ ဦး၊ စုစုပေါင်းမသန်စွမ်းသူ ၆၄ ဦးကို သင့်တော်သည့် ရာထူးဌာနများတွင် ခန့်အပ်ထားရှိသည့်အပြင် အခြားဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများတွင်လည်း မသန်စွမ်းသူများ အလုပ်ခန့်ထားနိုင်ရေးအတွက်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဦးစီးဌာန လက်အောက်ရှိ မသန်စွမ်းမှုအလိုက် ဖွင့်လှစ်ထားရှိသော သင်တန်းကျောင်းများသည်လည်း အသက်မွေးဝမ်းကျောင်း သင်တန်းများကို သင်ကြားပေးပြီး သက်ဆိုင်ရာသင်တန်းများ အောင်မြင်ပြီးမြောက်ပါက အခြားဌာန၊ အဖွဲ့ အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများတွင် မသန်စွမ်းသူများ အလုပ်အကိုင်ရရှိရေးနှင့် လိုအပ်သည့် ကျွမ်းကျင်မှု အရည်အချင်းများ ထပ်မံလေ့ကျင့်သင်ကြားပေးရန် မသန်စွမ်းအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ဝန်ကြီးဌာနများအနေဖြင့် မသန်စွမ်းသူများအတွက် ၎င်းတို့၏ စွမ်းဆောင်နိုင်မှုနှင့်ကိုက်ညီသည့် သက်မွေးပညာရပ်များ သင်ကြားပေးနိုင်ရန်စီစဉ်ထားပြီး အသက်မွေးဝမ်းကြောင်းမှုနှင့် အလုပ် အကိုင် ရရှိရေးအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများ အခွင့်အရေးဥပဒေ အခန်း ၁၀၊ ပုဒ်မ ၃၅ နှင့် ၃၆ တို့အရလည်းကောင်း၊ နည်းဥပဒေထွက်ရှိပါက အဆိုပါ နည်း ဥပဒေတွင်ပြဋ္ဌာန်းထားသည့် ဝေပုံကျနှုန်းထား(ရာခိုင်နှုန်း)ဖြင့် မသန်စွမ်းသူအမျိုးအစား၊ အလုပ် အကိုင်သဘာဝနှင့် လိုအပ်ချက်စံနှုန်းများအရ ခန့်ထားရန်စီစဉ် ဆောင်ရွက်သွားမည်ဟု သိရှိရပါ ကြောင်း၊ ယခုအချိန်တွင် ပညာရေးဝန်ကြီးဌာနမှ သင်ကြားရေး ဝန်ထမ်း ဆရာ/ဆရာမများနှင့် သင်ကြားရေးမဟုတ်သည့် ဝန်ထမ်းများ ခန့်အပ်ရာတွင် မူလ သတ်မှတ်ချက်၊ စံနှုန်းများထက် ဖြေလျှော့၍ ခန့်ထားပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအတွက် ၎င်းတို့၏စွမ်းဆောင်မှုနှင့် ကိုက်ညီသော အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးရန် စီစဉ်ထားပြီး အသက် မွေးဝမ်းကြောင်းမှုနှင့် အလုပ်အကိုင်ရရှိရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြာင်းနှင့် ဝန်ထမ်းများ ခန့်ထားရာမှာ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေပါ သတ်မှတ်ချက်များအတိုင်း ရွေးချယ်ခန့်ထား ဆောင်ရွက်လျက ရှိသည်ဟု ရှင်းလင်းတင်ပြထားပါကြောင်း၊

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသူများအား လုပ်ငန်းသဘာဝပေါ်မူတည်ပြီး နိုင်ငံ ဝန်ထမ်းဥပဒေလုပ်ထုံးလုပ်နည်းအရ စိစစ်ရွေးချယ်ခန့်ထားပေးလျက်ရှိပြီး အားကစားထူးချွန်သည့် မသန်စွမ်းအားကစားသမားများအား လုပ်ငန်းသဘာဝနှင့်ကိုက်ညီမှုရှိသည့် နေရာများတွင် သင့်လျော်သည့်ရာထူးများကို နှစ်စဉ်နှစ်တိုင်း ခန့်အပ်ပေးလျက်ရှိပါကြောင်း၊ ကာကွယ်ရေး ဝန်ကြီး ဌာနအပါအဝင် အခြားဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆေးအဆင့်နိမ့်ကာ မသန်မစွမ်းဖြစ်ခဲ့သည့် ဝန်ထမ်းများကိုလည်း ပြည်ထဲရေး ဝန်ကြီးဌာန အနေဖြင့် ဌာနကူးပြောင်းတာဝန်ထမ်းဆောင်မှုကို လက်ခံကာသင့်တော်သည့် လုပ်ငန်း တာဝန် များကို ပေးအပ်ထမ်းဆောင်စေလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနများလက်အောက်ရှိ ဦးစီးဌာန များသည် လုပ်ငန်းသဘောသဘာဝပေါ် မူတည်၍ မသန်စွမ်းပြည်သူများ၊ ပင်စင်စား မသန်စွမ်း တပ်မတော်သားများကို ၎င်းတို့၏ စွမ်းဆောင်ရည်အလိုက် ဝန်ထမ်းစည်းမျဉ်းနှင့်အညီ ခန့်အပ် တာဝန်ပေးလျက်ရှိပါကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများတွင် စုစုပေါင်းမသန်စွမ်းသူ ၂၆ ဦးအား ခန့်ထားပေးပြီးဖြစ်ပါကြောင်း၊ မသန်စွမ်းသူများအလုပ်အကိုင် ရရှိရန် သတ်မှတ်ချက်နှင့်ကိုက်ညီ၍ လျှောက်ထားလာပါက အလုပ်အကိုင်ရရှိရေး စဉ်းစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ စက်ရုံ၊ အလုပ်ရုံများတွင် မသန်းစွမ်းသူများခန့်ထားရန် သင့်လျော်မှုမရခြင်းကြောင့် ခန့်ထားခြင်း မရှိသော်လည်း မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေပုဒ်မ ၃၅ ပုဒ်မခွဲ(က)အရ မသန်စွမ်းသူ များအား အလုပ်လုပ်နိုင်သည့် စွမ်းရည်အလိုက် သင့်လျော်သည့် အလုပ်များတွင် အမျိုးသားကော်မတီက သတ်မှတ်ပေးသော ဝေပုံကျ နှုန်းထားအတိုင်း ခန့်ထားပေးရန် စီစဉ်လျက်ရှိပါကြောင်း၊  

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းဝန်ထမ်းများအတွက် အခြား အရာထမ်း၊ အမှုထမ်းများနည်းတူ သွားလာရေးလွယ်ကူအဆင်ပြေရန် ဆောင်ရွက်ပေးလျက်ရှိပြီး နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဌာနတွင်လည်း မသန်စွမ်းအရာထမ်း၊ အမှုထမ်း များနှင့် ကျန်းမာရေးချို့တဲ့သူများအတွက် ဓာတ်လှေကားစီမံတပ်ဆင်ထားပေးပါကြောင်းနှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍရှိ ပုဂ္ဂလိက ဟိုတယ်အချို့တွင် မသန်စွမ်းသူများကို အစားအစာ ပြင်ဆင်ချက်ပြုတ်သည့် ဌာနများနှင့် ပန်းဥယျာဉ်ဌာနများတွင် ခန့်ထားပေးလျက်ရှိပါကြောင်း၊

ဒုတိယမေးခွန်းနှင့် စပ်လျဉ်း၍ မသန်စွမ်းသူများ အခွင့်အရေးဥပဒေ(၂၀၁၅ ခုနှစ်) အခန်း(၁၀) ပုဒ်မ ၃၅ ပုဒ်မခွဲ(ဂ)တွင် မသန်စွမ်းသူများကို အလုပ် အကိုင်ခန့်ထားပေးသောအဖွဲ့အစည်းများ ကုမ္ပဏီများနှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များသည် သတ်မှတ်ထားသော ဝေပုံကျနှုန်းထား အရေအတွက်ထက်ပို၍ မသန်စွမ်းသူများကို အလုပ်ခန့်ထားပေးပါက ပို၍ခန့်ထားသော မသန်စွမ်း သူဦးရေအလိုက် အခွန်လျော့ပေါ့ခွင့် ရရှိစေရန်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်ပြီး ပုဒ်မ ၃၆ တွင် အလုပ်အကိုင်ခန့်ထားရေးနှင့်ပတ်သက်၍ ဖော်ပြထားသည့်အတွက် ဥပဒေပါအတိုင်း လိုက်နာ ဆောင်ရွက်ရန် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုမ္ပဏီများကို အခွန်လျော့ပေါ့ထမ်းဆောင်စေခြင်းသည် လုပ်ငန်းနှင့် ခန့်ထားသည့် မသန်စွမ်းမှု အခြေအနေ အပေါ်မူတည် စဉ်းစားပြီး မည်သည့်အခွန်အမျိုးအစားကို လျော့ပေါ့ပေးရမည်ကို သုံးသပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် မသန်စွမ်းသူတွေအတွက် ပြည်ပမှ လှူဒါန်းထောက်ပံ့သည့် အထောက်အကူပြုပစ္စည်းကိရိယာများ၊ လေ့ကျင့်သင်ကြား‌ရေး ပစ္စည်းကိရိယာများ၊ ဆေးဝါးများ၊ ဆေးကုသရေးကိရိယာများ တင်သွင်းခွင့်ကို အခွန်အခကင်းလွတ်ခွင့် ဖြင့် ပါမစ်များ ထုတ်ပြန်ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မသန်စွမ်းသူများ အသုံးပြုရန် အမေရိကန်ဒေါ်လာ ဝ.၂၆၇ သန်းတန်ဖိုးရှိ Wheelchair ၁၅၀၃ စီးကို တင်သွင်း ခွင့်ပြုခဲ့ပါကြောင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့်လည်း အခွန်သက်သာခွင့်များကို ဆောင်ရွက်ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာကော်မတီဖွဲ့စည်းပြီးပါက ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊

မေးခွန်း(၄)နှင့် စပ်လျဉ်း၍ မသန်စွမ်းများနှင့်ပတ်သက်၍ ကော်မတီ ပေါ်ပေါက်လာပါက နည်းဥပဒေများတွင် ထည့်သွင်းထားတာရှိပါကြောင်း၊

မသန်စွမ်းသူများနှင့် ပတ်သက်၍ မသန်စွမ်းဥပဒေရှိနေပြီဖြစ်ပါကြောင်းနှင့် မကြာမီအချိန်တွင် နည်းဥပ‌ဒေများ ထွက်ရှိလာမည်ဖြစ်ပါကြောင်း၊  ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းရမည်ဖြစ်ပါကြောင်း၊ ကော်မတီဖွဲ့စည်းပြီးပါက လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများ မကြာခင်လပိုင်းအတွင်း ထွက်ရှိလာမည်ဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေး များကို ဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြည့်ပြည့်ဝဝ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားပါသည်။