Skip to main content

မေးခွန်း အကြောင်းအရာ 

u lar mar lay၂၃-၄-၂၀၁၆ ရက်နေ့ ညနေပိုင်း ဆော့လော်မြို့နယ် လန်ဆယ်ကျေးရွာဒေသတွင် မိုးအဆက်မပြတ် ၇ ရက် ရွာသွန်းမှုကြောင့် လန်ဆယ်ကျေးရွာဒေသအပါအဝင် အခြားရွာ ၇ ရွာတို့တွင် အလွန် ဆိုးရွာ သည့် မြေပြို၊ တောင်ပြို၊ ရေကြီးပြီး ရေဘေးအန္တရာယ် တွေ့ကြုံခံစားခဲ့ရပါကြောင်း၊၎င်းအပြင် ချီဖွေ၊ ဆော့လော်၊ ခေါင်လန်ဖူးဒေသအထိ ဆက်သွယ်ဖောက်လုပ်ထားသော လမ်းမကြီး အပါ အဝင် တံတားများ၊ ဒေသတောင်ယာစိုက်ခင်းများ၊လူနေအိမ် ၁၁၄ အိမ်၊ ပညာသင်ကျောင်းများ ပျက်စီးခဲ့ရပြီး စုစုပေါင်းလူဦးရေ ၇၇၁ ဦးတို့မှာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါကြောင်း၊ ၎င်းနောက် ရေဘေး ကြုံတွေ့ခဲ့ရသော ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်အစိုးရအဖွဲ့တို့  ပူးပေါင်းပြီး တပ်မတော် ရဟတ်ယာဉ်ဖြင့် စားနပ် ရိက္ခာများ၊ ဆေးဝါးများ၊အိမ်ဆောက် ပစ္စည်းများကို အရေးပေါ်ပို့ ဆာင်ပေးခဲ့သော်လည်း ရေဘေးသင့်ဒုက္ခသည်ဦးရေ ထောင်ချီရှိလာသည့်အတွက် လုံလောက်မှုမရှိဘဲ ရိက္ခာပြတ်လပ် မှု ပြဿနာကြုံတွေ့ခဲ့ရပါကြောင်း၊

အဆိုပါ ရေဘေးသင့်ဒေသအပါအဝင် အခြားရွာများမှ အိမ်ခြေ ၄၀၉ အိမ်၊ လူဦးရေ ၂၅၅၄ ဦးတို့မှာ ရေဘေးကြောင့် ပျက်စီးသွားခဲ့သော ချီဖွေ၊ ဆော့လော်၊ ခေါင်လန်ဖူးဒေသ အထိ ဆက်သွယ် ဖောက်လုပ်ထားသော လမ်းမကြီးမှတစ်ဆင့် ချီဖွေမြို့နယ်၊ ကန်ဖာဒေသ၊ ဖီမောဒေသ၊ မြန်မာတရုတ်ဒေသတို့မှ ဆန်၊ ဆီ၊ ဆား၊ လူသုံးကုန်ပစ္စည်းများ၊ ဆေးဝါးများကို အဓိကဆက်သွယ် ဝယ်ယူသုံးစွဲနေခဲ့သော်လည်း ရေဘေးကြောင့် အဆိုပါလမ်းမကြီး ပျက်စီးသွားခဲ့သည့်အတွက် လူသွားရန် လူလမ်းလျှောက်ပြီး ရိက္ခာသယ်ယူရန်ပင် အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုအချိန် ရေဘေးသင့်ဒေသမှ ရိက္ခာပြတ်လပ်မှုဒဏ်ကိုမခံနိုင်သည့် ပြည်သူ ၄၈ အိမ်၊ လူဦးရေ ၂၀၀ ကျော်တို့မှာ မိမိတို့နေရပ်ဒေသအား စွန့်ခွာကာ ချီဖွေမြို့နယ်၊ ကန်ဖာဒေသရှိ လီဆူ စာပေနှင့် ယဉ်ကျေးမှုရုံးဝင်း၌ ရေဘေးဒုက္ခသည်များအဖြစ် စခန်းဖွင့်လှစ်နေထိုင်လျက်လည်း ကောင်း၊ သူငယ်တန်းမှ ၁၀ တန်းအထိ ကျောင်းသားကျောင်းသူ ၁၁၉ ဦးနှင့် ၎င်းတို့၏ မိဘဆွေမျိုး များမှာ လည်း မြစ်ကြီး နားမြို့ ရွှေဈေး ရပ်ကွက်တွင် ရေဘေးသင့်ဒုက္ခသည်စခန်းဖွင့်လှစ်ပြီး လည်းကောင်း၊ စေတနာရှင်၊ အလှူရှင်တို့မှ လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆား၊ အဝတ်အထည်၊ ငွေကြေးများ အပေါ်မှီခိုပြီး ခက်ခက်ခဲခဲဘဝ ရုန်းကန်ဖြတ်သန်းနေ လျက်ရှိပါကြောင်း၊

ရေဘေးကြောင့် ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် ပြည်သူများအတွက်သာမကဘဲ ချီဖွေ၊ ဆော့လော်၊ ခေါင်လန်ဖူးဒေသအထိ ဆက်သွယ်ဖောက်လုပ်ထားသော လမ်းမကြီး မြေပြို၍ ပိတ်ဆို့ သွားခဲ့သော ပြည်သူများ အားလုံး ဆော့လော်မြို့နယ် လန်ဆယ်ဒေသ သဘာဝ‌ရေဘေး အန္တရာယ်ကြောင့် လမ်းမကြီးနှင့် လမ်းမကြီး ပေါ်ရှိတံတားများ မြေပြိုပျက်စီးနေမှုနှင့် ရေဘေးသင့်ပြည်သူ ၂၅၅၄ ဦးတို့၏ စားနပ်ရိက္ခာအခက်အခဲ အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့မှ ဆက်လက်ပြီး မည်ကဲ့သို့စီစဉ်ဆောင်ရွက်ပေးနေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
ဖြေကြားချက် 

dr win myat ayeကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆော့လော်နှင့် ချီဖွေမြို့နယ်တို့တွင် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့၊ နံနက် ၀၂း၀၀ နာရီအချိန်ခန့်တွင် မိုးသန်းထန်စွာရွာသွန်းမှုကြောင့် လကင်ချောင်းရေ တိုး၍ ကျေးရွာ အတွင်း သို့ ရေများဝင်ရောက်ခြင်းနှင့် တောင်ကျရေစီးမှုများကြောင့် ဆော့လော်မြို့နယ်၊ လာချင်ကျေးရွာအုပ်စု(ဒေသအခေါ်လန်ဆယ်)နှင့် လကင်ကျေးရွာအုပ်စုတွင် ကနဦး စာရင်းအရ ၂၁၂ အိမ်၊ လူဦးရေ ၁၂၇၈ ဦးရှိပြီး၊ ကျေးရွာပေါင်း ၁၃ ရွာ ရေဘေးသင့်ခဲ့ပါကြောင်း၊ ဆက်သွယ်မှု ပြတ်တောက်၍ စားနပ်ရိက္ခာလိုအပ်ချက်အရ ၂၀၁၆ ခုနှစ်၊ မေလ ၇ ရက်နေ့တွင် အမှန်တကယ် ရေဘေးသင့်ခဲ့သည် ကျေးရွာ ၁၃ ရွာနှင့် အနီး ပတ်ဝန်းကျင် ကျေးရွာခြောက်ရွာ စုစုပေါင်းကျေးရွာ ၁၉ ရွာမှ ပြည်သူများ၏ တင်ပြချက်အရ ကချင်ပြည်နယ်အစိုးရအနေဖြင့် အိမ်ခြေ ၄၀၉ အိမ်နှင့် တပ်ရင်း တပ်ဖွဲ့ ၃ ခုတို့အား ဆန်အိတ် ၄၁၅ အိမ်အား လတ်တလော ထောက်ပံ့ပေးခဲ့ပါကြောင်း၊

၂၁-၄-၂၀၁၆ ရက်နေ့နှင့် ၄-၅-၂၀၁၆ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းပြီး လကင်ချောင်းရေ တိုးလာမှုကြောင့် လာချင်ကျေးရွာအုပ်စုနှင့် လကင်ကျေးရွာအုပ်စုရှိ ကျေးရွာ ၈ ရွာ၌ နေအိမ် ၂၁၂ လုံး ရေမျောပါပျက်စီးခဲ့ပြီး အိမ်ထောင်စု ၂၁၂ စုမှ လူဦးရေစုစုပေါင်း ၁၃၅၁ ဦး ဘေးဒုက္ခကြုံတွေ့ခဲ့သဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် ဆန်ရိက္ခာတန်ဖိုးကျပ် ၂၀၃၅၅၀၀၊ အိမ်ထောင်ပစ္စည်းဖိုး နေအိမ် ၂၁၂ လုံးအတွက် ကျပ် ၁၀၆ သိန်း၊ ကယ်ဆယ်ရေးပစ္စည်းကိုးမျိုး ၂၁၂ အိမ်ထောင်စာအတွက် တန်ဖိုးငွေကျပ် ၄၆၇၇၉၉၂၊ ခေါက်ဆွဲခြောက် ၂၇၀၂ ထုပ် တန်ဖိုးငွေကျပ် ၃၇၈၂၈၀၊ ငါးသေတ္တာ ၁၀၆၀ ဗူး တန်ဖိုးငွေကျပ် ၃၇၁၀၀၀ နှင့် မိုးကာစ ၂၁၂ စ တို့ကို ထောက်ပံ့ခဲ့ပြီး ရေဘေးသင့် ပြည်သူများအတွက် ပစ္စည်းနှင့် ငွေသား စုစုပေါင်းထောက်ပံ့ငွေ တန်ဖိုးမှာ ကျပ် ၁၈၀၆၂၇၇၂ ဖြစ်ပါကြောင်း၊

ထို့အပြင် ကချင်ပြည်နယ်အတွင်း ၁၉-၄-၂၀၁၆ ရက်နေ့မှ ၁-၅-၂၀၁၆ ရက်နေ့အတွင်း လေပြင်းတိုက်ခတ်မှု၊ ရေကြီးမှုများကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရာ လုံးဝပျက်စီးသော လူနေအိမ် ၂၀၈ လုံး၊ အမိုးလန်လူနေအိမ် ၉၉ လုံး၊ အနည်းငယ်ပျက်စီးသောလူနေအိမ် ၂၆၇ လုံးနှင့် စာသင်ကျောင်းရှစ်ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းလေးကျောင်းနှင့် အုပ်ချုပ်ရေးမှူးရုံး တစ်ရုံးတို့အား ပြန်လည်ပြုပြင်ရန် လိုအပ်သောသွပ်များ ထောက်ပံ့ပေးပါရန် ကချင်ပြည်နယ်အစိုးရ အဖွဲ့မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ ညှိနှိုင်းလာမှုအရ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဦးစီးဌာနမှ ၇ ပေသွပ် ၁၀၀၀၀ ချပ်ရေကို ကချင် ပြည်နယ်အစိုးရအဖွဲ့သို့ ၃၁-၅-၂၀၁၆ ရက်နေ့တွင် ထုတ်ပေးခဲ့ရာ ၁၀-၆-၂၀၁၆ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လက်ခံရရှိပြီးဖြစ်၍ ဆော့လော်မြို့နယ် လန်ဆယ်ဒေသ ရေဘေးသင့် အိမ်များအပါအဝင် အခြားမြို့နယ်များရှိ ရေဘေးသင့်အိမ်ထောင်စုများအား ခွဲဝေထောက်ပံ့ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

အဆိုပါရေးဘေးသင့်ဒေသတွင် ၅-၅-၂၀၁၆ ရက်နေ့မှ ၁၅-၅-၂၀၁၆ ရက်နေ့အထိ ဆော့လော်မြို့နယ်အုပ်ချုပ်ရေးမှူးမှ စာရင်းဇယားများတိကျရေး စိစစ်ဆောင်ရွက်တင်ပြချက်အရ အိမ်ခြေ ၁၁၄ အိမ်၊ လူဦးရေ ၇၇၁ ဦး ရေဘေးသင့်ခဲ့ပြီး ချီဖွေမြို့နယ်တွင် အိမ်ခြေ ၁၅ အိမ်၊ လူဦးရေ ၇၃ ဦး ဘေးသင့်ခဲ့ပါကြောင်း၊ ရေဘေးသင့်ခဲ့သည့် ဆော့လော်မြို့နယ်နှင့် ချီဖွေမြို့နယ်များရှိ အိမ်ခြေ ၁၂၉ အိမ်၊ လူဦးရေ ၈၄၄ ဦးတို့အား ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအပါအဝင် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးခဲ့ပါကြောင်း၊ ထောက်ပံ့ပေးသည့်ဆန်ရိက္ခာဟာ လူတစ်ဦးလျှင် တစ်ရက် ဆန်နို့ဆီဗူးနှစ်ဗူးနှုန်းဖြင့်သာ ထောက်ပံ့ပါက ၁၆၈၈ ဗူး လိုအပ်မည်ဖြစ်ပြီး ရေဘေးသင့် ပြည်သူများအား လာမည့် စပါးပေါ်ချိန် နိုဝင်ဘာလဝက်အထိ ထောက်ပံ့ပေးရန်လိုအပ်ပါကြောင်း၊

လက်ရှိထောက်ပံ့ထားသည့် ဆန်ရိက္ခာသည် ၅ လခန့် လုံလောက်မည်ဖြစ်ပါသဖြင့် တစ်လခွဲခန့်အတွက် ဆန်အိတ် ၄၀၀ အိတ်ခန့် ပို့ဆောင်ထောက်ပံ့ရန် လိုအပ်မည်ဖြစ်၍ လက်ရှိတွင် ဆန် ၄၀ အိတ်၊ ဒီဇယ် ၅၀ ပေပါ၊ ရေသန့် ၃၀၀ ကဒ်၊ အဝတ်အထည် ၁၄ အိတ် စုဆောင်းထားရှိပြီးဖြစ်ပါကြောင်း၊ ၄-၅-၂၀၁၆ ရက်နေ့မှ ၆-၆-၂၀၁၆ ရက်နေ့အထိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ လှူဒါန်းငွေစုစုပေါင်း ၁၁၃၆၆၁၀၀၀ လက်ခံရရှိပြီး ရေဘေးသင့်ဒေသရှိ အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်ခြင်း၊ စားနပ်ရိက္ခာ ဝယ်ယူထောက်ပံ့ခြင်းနှင့် ကြိုးတံတားတည်ဆောက်ရန်အတွက် ထောက်ပံ့ပေးခဲ့ပြီး အလှူငွေ လက်ကျန်စုစုပေါင်း ၅၆၉၃၂၈၀၀ ရှိပါသဖြင့် ရေဘေးသင့်ဒေသသို့ လိုအပ်သည့်ဆန်ရိက္ခာနှင့် အခြားလိုအပ်ချက်များ ထပ်မံထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းဖြစ်သော ချီဖွေ-ဆော့လော်-မန်ကျီ- ဝဲလ်တန်လမ်းရဲ့ ဆော့လော်မြို့နယ်အပိုင်း မိုင် ၃၄/ဝ-၇၅/၀ အတွင်း မြေပြိုကျ၍ သစ်ပင်ကြီးများ၊ ကျောက်တုံးကြီး များ၊ မြေစာများပိတ် ဆို့နေသော နေရာများအား လမ်းဦးစီးဌာနနှင့် ဆော့လော်မြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ ညှိနှိုင်းပေါင်းစပ်၍ ပြုပြင်ပေးလျက်ရှိပါကြောင်း၊

၂၃-၄-၂၀၁၆ ရက်နေ့မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မိုင် ၃၄/ဝ-၆၇/၀ အထု ကားတစ်စီးစာ သွားလာနိုင်ရန် ဖယ်ရှားရှင်းလင်းပြီးဖြစ်ပါကြောင်း၊ ခေါင်လန်ဖူး-ညီတာဒီးလမ်းပိုင်းဖြစ်သော ခေါင်လန်ဖူး-ဆရမ်ဖားရွာ မိုင် ဝ/၀-၁၂/၀ အတွင်း၌ မိုးအဆက်မပြတ်ရွာသွန်း၍ တောင်ပြိုမြေကြောင့် လမ်းသားပဲ့ကျပြိုခဲ့ရာ ပြိုကျပျက်စီးခဲ့သည့် တံတားအမှတ် (၁/၆) အရှည် ၅၀ ပေ၊ တံတားအမှတ် (၂/၉) ၄၅ ပေ၊ တံတားအမှတ် (၄/၉) ၃၃ ပေ၊ တံတားအမှတ် (၆/၉) ၄၀ ပေ၊ တံတားအမှတ် (၄/၁၀) ၃၅ ပေတို့အား ၆ ပေ အကျယ် လူ၊ လားကူးသစ်သားတံတား ၅ စင်းကို ခရီးသွားလာမှု အဆက်မပြတ်စေရေးအတွက် ယာယီ ဝါးတံတားများအား ၁၂-၅-၂၀၁၆ ရက်နေ့တွင် ပြန်လည်အစားထိုး တည်ဆောက်ပေးခဲ့ပြီး ပွင့်လင်းရာသီရောက်သောအချိန်တွင် အသစ်ပြန်လည် တည်ဆောက်ပေးနိုင်ရေးအတွက် လိုအပ်သော တည်ဆောက်ရေးပစ္စည်းများ စုဆောင်းထားရှိပြီးဖြစ်ပါကြောင်း၊

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ကချင်ပြည်နယ်အပါအဝင် နယ်စပ်ဒေသအားလုံး၏ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပဉ္စမကာလတို ၅ နှစ် အမျိုးသားစီမံကိန်းရေးဆွဲ ချမှတ်၍ နယ်စပ်ဒေ သဖွံ့ဖြိုးရေးလုပ်ငန်းများ နှစ်စဉ်ခွင့်ပြုပေးလျက်ရှိပါကြောင်း၊ ကချင်ပြည်နယ် အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ၁၉၈၉ ခုနှစ်မှ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အထိ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ မှ ငွေကျပ် သန်းပေါင်း ၃၆၂၃၁.၅၅၇ သုံးစွဲကုန်ကျခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကချင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေမှ ငွေကျပ် ၃၀၀၆.၂၈၇ သန်း လျာထားခွင့်ပြုပြီး ဖြစ်ပါကြောင်း၊

ကိုယ်စားလှယ်ကြီး၏မေးခွန်းပါ လမ်း/တံတားများအနက် လန်ဆယ်ကျေးရွာ၊ လန်ဆယ်နှစ်ထပ် ဘေလီသံဘောင်တံတား ၉၅ ပေ (အသစ်ပြင်ရန် ၂၀၀ ပေ၊ ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၄၆၀)၊ လန်ဆယ်-လကင်လမ်းပေါ်ရှိ လုံချောင်းကူးနှစ်ထပ်ဘေလီ သ‌ံဘောင်တံတား ၄၀ ပေ (အသစ်ပြင်ရန် ၈၀ ပေ၊ ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၁၈၈.၅၆၀)၊ လန်ဆယ် -လကင်မြေလမ်း ၂၀ မိုင်အနက် ၁၅ မိုင်ပြိုကျပျက်စီး (အသစ်ပြင်ရန် ၁၅ မိုင်၊ ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၃၁၅)၊ ဖီမော်-ကန်ဖန်-လန်ဆယ်လမ်းပေါ်ရှိ ခြီဝင်သံဘောင်ဘေလီတံတား ၇၀ ပေ (အသစ် ပြင်ရန် ၁၁၅ ပေ၊ ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၁၂၃.၂၁၁)၊ ဖီမော်-ကန်ဖန်-လန်ဆယ်လမ်းပေါ်ရှိ ငွါးဖခါးသံဘောင်ဘေလီတံတား ၃၀ ပေ (အသစ်ပြင်ရန် ၆၀ ပေ၊ ခန့်မှန်းကုန်ကျငွေ ကျပ်သန်း ၆၄.၂၈၄)တို့သည် ယခင် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သောလုပ်ငန်းများဖြစ် သော်လည်း သဘာဝရေဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည့်အတွက် အဆိုပါလမ်းတံတား ၅ ခု အတွက် အသစ်ပြင်ရန် စုစုပေါင်းခန့်မှန်းကုန်ကျငွေ ကျပ်သန်း  ၁၁၅၁.၀၅၅ ဖြစ်ရာ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ တင်ပြတောင်းခံ၍ ခွင့်ပြုချက်ရရှိပါက ပြန်လည်ဆောင်ရွက်ပေးသွား မည်ဖြစ်ပြီး ဖြည့်စွက်ရန်ပုံငွေမရရှိပါက ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် လုပ်ငန်းများ အဆိုပြုတင်ပြရာတွင် ထည့်သွင်းပေးသွားမည်ဖြစ်ပါကြောင်း၊

မေးခွန်းနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနအနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်သည့်အတွက် စားနပ်ရိက္ခာ အခက်အခဲနှင်‌့ပတ်သက်ပြီး ပြည့်စုံတိကျစွာ တွက်ချက်တင်ပြပါရန် ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ တိုက် တွန်းပေး မည်ဖြစ်ပြီး အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ရေးဆွဲထားသည့် ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ အသစ်ဖွဲ့စည်းပြီးဖြစ်သည့် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌထံ သို့ တင်ပြ၍ အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ လိုအပ်ချက်အတိုင်း အပြည့်အဝ ဆက်လက်ကူညီ ထောက်ပံ့ပေးနိုင်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။