Skip to main content

မေးခွန်း အကြောင်းအရာ 

zin mar aungလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ကလေးသူငယ် စောင့်ရှောက်ရေးလုပ်ငန်း၊ အမျိုးသမီး စောင့်ရှောက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေး လုပ်ငန်း၊  မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်မည့် လုပ်ငန်းများ၊ လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေးလုပ်ငန်း၊ ပြန်လည် ဝင်ဆံ့ပေါင်းစည်းရေး၊ လူမှုကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းဖြစ်သည့် Social Production များအပြင် အခြားနိုင်ငံတကာ၌ မြန်မာနိုင်ငံက သဘောတူလက်ခံထားသော ကုလသမဂ္ဂ ကွန်ဗင်းရှင်းများနှင့်ပတ်သက်၍ ပြည်သူလူထု၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက်သည့်ကိစ္စများတွင် ဆောင်ရွက်နေရပါကြောင်း၊ ထို့အပြင် ရေဘေး၊ မီးဘေးအပါအဝင် မ‌မေ်ျှာမှန်းနိုင်သော သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်ပြီး ထိခိုက်ခံစားရသည့်အခါမျိုးတွင်လည်း ဝန်ကြီးဌာနအနေဖြင့် Focal Ministry အဖြစ် ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ဘတ်ဂျက် အနေအထားမှာ ပြီးခဲ့သည့် ၂၀၁၆-၂၀၁၇ ခုနှစ်ထက် ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ပိုမိုသုံးစွဲထားသည်ကို တွေ့ရသကဲ့သို့ တခြား Social Production ၏ Program  အဖြစ် ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်လည်း ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအတွက် ငွေကြေးအထောက်အပံ့ လျာထားမည့် အစီအစဉ်များ အတွက်လည်း ငွေကြေးပိုမိုသုံးစွဲထားသည်ကို တွေ့ရှိရပါကြောင်း၊

ထိုကဲ့သို့ ကျယ်ပြန့်လှသည့် ဝန်ဆောင်မှုများကို ပေးနေရသည့်ဝန်ကြီးဌာနတစ်ခုအနေဖြင့် မြို့နယ်များကို အခြေပြုပြီး ရုံးခွဲများ ရှိနေသင့်သည်ဟု မိမိအနေဖြင့် ယူဆမိပါကြောင်း၊ အမျိုးသမီး စောင့်ရှောက်ရေးနှင့် ပတ်သက်၍ သက်ငယ်မုဒိမ်းမှုများ အပါအဝင် အိမ်တွင်းအကြမ်းဖက်မှု၊ ကာမလိမ်လည်မှု အစရှိသည့် ဖြစ်ရပ်များအပေါ် အခြေခံပါကြောင်း၊ တချို့တိုင်းဒေသကြီးရှိ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် မကြာခဏ ၎င်းကိစ္စများအပေါ် မိမိတို့ထံ ဖုန်းဆက်ပြီးဖြစ်စေ၊ အလုပ်ရုံဆွေးနွေးပွဲများတွင်ဖြစ်စေ ပြောလေ့ရှိပါကြောင်း၊

ထိုအခါမျိုးတွင် ၎င်းတို့အတွက် တရားကျူးလွန်သူများသည် လူ့အဖွဲ့အစည်းထဲ၌ အတော်အတန် သြဇာရှိသော ပုဂ္ဂိုလ်များဖြစ်နေသည့်အတွက် ဥပဒေကြောင်းအရ အထောက်အပံ့လိုအပ်သကဲ့သို့ တရားမျှတမှုအတွက် အမှုရင်ဆိုင်နေရစဉ်ကာလတွင် လူမှုပတ်ဝန်းကျင်၏နှုန်း၊ စံတန်ဖိုးများသည် ဖိအားများ ခံစားရသည့်အခါမျိုးတွင် ဖိအားများကို ကျော်လွှားရန် လူ့အဖွဲ့အစည်းထဲကို ပြန်လည် ဝင်ဆံ့နိုင်ရန် လိုအပ်ပါကြောင်း၊ အကယ်၍ ၎င်းတို့ဒေသတွင် လူမှုဝန်ထမ်းက ရုံးခွဲများဖွင့်ပြီး Counseling ကဲ့သို့ လုပ်ပေးနိုင်မည်ဆိုပါက လူ့အသိုင်းအဝိုင်းထဲကို ပြန်လည်ဝင်ဆံ့ရန် အလွန်အဆင်ပြေမည်ဖြစ်ကြောင်းကို မကြာခဏ ဖော်ပြလေ့ရှိကြပါကြောင်း၊

ရုံးချုပ်၊ နေပြည်တော်ကောင်စီ၊ ခရိုင်ရုံးများ ရှိသော်လည်း မြို့နယ်တွင် ရုံးမည်မျှတွင် မြို့နယ်မည်မျှတွင် ရုံးခွဲပေါင်း မည်မျှဖွင့်ပြီး  ဝန်ဆောင်မှုပေးနေသည်ကို မိမိတို့ ရှာဖွေ၍ မရပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် မည်သည့်မြို့နယ်တွင် မြို့နယ်ပေါင်းမည်မျှဖြင့် ဝန်ဆောင်မှုပေးနေသည်ကို သိရှိလိုပါကြောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် အချိန်ကာလသတ်မှတ်ပြီး မြို့နယ်အဆင့် လူမှုဝန်ထမ်းရုံးခွဲများကို မြို့နယ်တိုင်းတွင် ဖွင့်လှစ်နိုင်ရေးအတွက် ရည်မှန်းချက်ထားပြီး ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
ဖြေကြားချက် 

dr win myat ayeလူမှုဝန်ထမ်းဦးစီးဌာန၏  လက်ရှိဖွဲ့စည်းပုံသည် လူမှုဝန်ထမ်းဦးစီးဌာနရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ရုံး၊ ခရိုင်ရုံး ၁၂ ရုံးနှင့် မြို့နယ်ရုံး လုံးဝမရှိပါကြောင်း၊ မူလတန်းကြိုကျောင်း ၉၉ ကျောင်း၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်ကျောင်း ၁၁ ကျောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည် ထူထောင်ရေးစခန်း ၁၂ ခု၊ လူငယ်သင်တန်းကျောင်း ၁၀ ကျောင်း၊ အမျိုးသမီးကျောင်း ၁၂ ကျောင်း၊ မသန်စွမ်းကျောင်း ရှစ်ကျောင်း၊ ကလေးပြုစုရေးဌာန ခုနစ်ခု၊ လူမှုဝန်ထမ်းအတတ်သင် သိပ္ပံကျောင်း တစ်ကျောင်း၊ ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေးဌာန တစ်ခု၊ ဘိုးဘွားများ နေ့ပိုင်းပြုစု စောင့်ရှောက်ရေးဌာန တစ်ခုတို့ဖြင့် လက်ရှိ အရာထမ်း ၂၀၃ ဦး၊ အမှုထမ်း ၁၉၈၉ ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် လက်ရှိတွင် ဦးစီးဌာန(ရုံးချုပ်)၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံး ၁၅ ရုံး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း တစ်ကျောင်း၊ ခရိုင်ဦးစီးမှူးရုံး ၂၈ ရုံး၊ မြို့နယ်ဦးစီးမှူးရုံး တစ်ရုံးတို့ဖွင့်လှစ်ကာ စုစုပေါင်းဝန်ထမ်းအင်အား ၆၀၂ ဦးတို့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနတွင် မြို့နယ်ရုံးလုံးဝမရှိပါကြောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနတွင် တစ်ရုံးသာရှိပြီး ယခု မိမိတို့ နောက်ထပ်မြို့နယ်ရုံး ငါးရုံးဆက်လက်ပြီး ဖွင့်လှစ်ရန် ဆောင်ရွက်နေပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွင် မိုင်းဖြတ်၊ ပဲခူးတိုင်းဒေသကြီးတွင် ရွှေကျင်၊ ရခိုင်ပြည်နယ်တွင် မြေပုံ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကျုံပျော်နှင့် မွန်ပြည်နယ်တွင် ရေးမြို့နယ်တို့ဖြစ်ပါကြောင်း၊ မေးခွန်းပါ မြို့နယ်ပေါင်း ၃၃၀ တွင် ရုံးခွဲများ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေးအတွက် ဖွဲ့စည်းပုံ တိုးချဲ့တင်ပြထားသည့်နေရာတွင် လူမှုဝန်ထမ်းဦးစီးဌာနတွင် နှစ်အလိုက် တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ခရိုင်ရုံး ၆၂ ရုံး၊ မြို့နယ်ရုံး ၃၃၀ နှင့် မြို့နယ် စံပြမူလတန်းကြိုကျောင်း ၂၅၅ ကျောင်း စုစုပေါင်းဝန်ထမ်းအင်အား ၉၄၁၉ ဦးဖြင့်လည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနတွင် နှစ်အလိုက် ခရိုင် ဦးစီးမှူးရုံး ၃၁ ရုံးနှင့် မြို့နယ်ဦးစီးမှူးရုံး ၃၂၅ ရုံး ထပ်မံတိုးချဲ့ထားသည့် စုစုပေါင်းဝန်ထမ်းအင်အား ၆၉၉၅ ဦးဖြင့် ဖွဲ့စည်းတိုးချဲ့ရန်လည်းကောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၇ ခုနှစ်၊ မေလ ၂၂ ရက်နေ့  ကျင်းပပြုလုပ်သော (၂/၂၀၁၇)ကြိမ်မြောက် စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့ အစည်းအဝေးကို တင်ပြထားပြီးဖြစ်ပါကြောင်း၊ ယင်းအစည်းအဝေးက ထောက်ခံချက်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ သဘောထားပြန်ကြားချက် ရရှိပြီး ဖြစ်ပါသဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး သို့ တင်ပြထားရှိပါကြောင်း၊ ထို့ကြောင့် နှစ်အလိုက်တိုးချဲ့သွားမည်ဖြစ်ပါကြောင်း၊

မိမိတို့၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး လူသားအားလုံး အကျုံးဝင်သော သာတူညီမျှမှုရှိပြီး ရေရှည်တည်တံ့သည့် လူမှုကာကွယ်ရေးစနစ်နှင့် ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရန်နှင့် ပိုမိုဘေးကင်းလုံခြုံ၍ သဘာဝအန္တရာယ်များမှ ခံနိုင်ရည်ရှိသော မြန်မာနိုင်ငံဖြစ်လာရန် မိမိတို့ဝန်ကြီးဌာနအနေဖြင့် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့်ညီညွတ်သော လူ့ဂုဏ်သိက္ခာ အပြည့်အဝရှိသော လူမှုအသိုင်းအဝိုင်းတစ်ရပ် ဖော်ဆောင်ရန်နှင့် အထောက်အကူဖြစ်စေ ရေးအတွက် အားလုံးအကျုံးဝင်ပြီး ရေရှည်တည်တံ့မှုရှိသော လူမှုကာကွယ် စောင့်ရှောက်ရေး နည်းလမ်းများနှင့် ပြည်သူလူထုလွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအစီအစဉ်များ ချမှတ်သည့်နေရာတွင်လည်း ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူမှုအသိုင်းအဝိုင်းဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသော ပြည်သူများအတွက် ပိုမိုကောင်းမွန်သော လူနေမှုဘဝရရှိစေရေး ပြည်သူလူထု၊ အရပ်ဘက်လူ့အဖွဲ့အစည်း၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် ပွင့်လင်းမြင်သာထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ပြည့်မီစေရန်အတွက် ဦးတည်ဆောင်ရွက်ရေး မူဝါဒများချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊

မိမိတို့ ဝန်ကြီးဌာနအနေနှင့် ဝန်ဆောင်မှုအပိုင်းများ လုပ်ဆောင်သည့်နေရာတွင် မူဝါဒ၊ ဥပဒေ ရေးဆွဲရပါကြောင်း၊ ဥပဒေနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ရပါကြောင်း၊ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ အမျိုးသမီးများအခွင့်အရေး များကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ရပါကြောင်း၊ ပြည်သူများ၏ လူမှုရေးဒုက္ခများကို ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်း၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ လူ့ဘဝတစ်လျှောက်လုံး အလွန် အရေးပါသည့် ရှေးဦးအရွယ် ကလေးသူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူလတန်းကြိုကျောင်းများ ဖွင့်လှစ်ပျိုးထောင်ခြင်း၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များ၊ မသန်စွမ်းများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများအတွက် သင်တန်းကျောင်းဂေဟာများ ဖွင့်လှစ်ဆောင်ရွက်ရပါကြောင်း၊ ထို့အပြင် စေတနာ့ဝန်ထမ်းပရဟိတဂေဟာများ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများကိုလည်း အသိအမှတ်ပြုပြီး နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံအနေဖြင့် လူမှုကာကွယ်စောင်‌့ရှောက်ရေး မူဝါဒလုပ်ငန်းစဉ် ၈ ရပ်မှာ လုပ်ငန်းစဉ် ၂ ရပ်ဖြစ်သော ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းမှမွေးဖွားသည့် ကလေးအသက်နှစ်နှစ်ပြည့်သည် အထိ အာဟာရပြည့်ဝရေး၊ ငွေးကြေးအကူအညီထောက်ပံ့ရေးကိုလည်း ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင်‌့ရဒေသများတွင် ရေက် ၁၀၀၀ စီမံချက်၊ ကလေးတစ်ယောက်၏ ရက် ၁၀၀၀ ဖွံ့ဖြိုးရေးကို စီမံချက်တစ်ရပ်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဆက်လက်ဆောင်ရွက်နိုင် ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အသက် ၉၀ နှစ်အထက် သက်ကြီးရွယ်အိုဘိုးဘွားများအတွက် သက်ကြီးပင်စင် ထောက်ပံ့ရန်ကိစ္စကိုလည်း ယခုနှစ် ဘဏ္ဍာရေးနှစ်ကစပြီး စတင်ဆောင်ရွက်နေပြီး လူမှုကိစ္စအရပ်များကို ချက်ချင်း ဖြေရှင်းနိုင်ရန်အတွက် Help Line ဖုန်းများကို ၂၄ နာရီ ဖွင်‌့လှစ်ပြီး ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့်လည်း မြန်မာနိုင်ငံတစ်ဝန်းရှိ ဘေးသင့်ပြည်သူများ၏ လတ်တလောစားဝတ်နေရေး အရေးပေါ်လိုအပ်သည့်ကိစ္စ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ သေဆုံးသူထောက်ပံ့ခြင်း၊ ဒဏ်ရာရသူထောက်ပံ့ခြင်းများကို လက်ဝယ်အမြန်ဆုံး ရောက်ရှိရေးနှင့် နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့်မရှိရေးတို့အတွက်  ဘေးသင့်ဒေသအရောက် သွားရောက်ထောက်ပံ့ခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ဘေးသင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း၊ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ ဘေးကင်း လုံခြုံသည့် မြန်မာနိုင်ငံဖြစ်စေရန်အတွက်  သဘာဝဘေးဒဏ်မှကြံ့ကြံ့ခံနိုင်သော လူအဖွဲ့အစည်း ဖြစ်ပေါ်ရန်အတွက် အခြေခံအုတ်မြစ်ဖြစ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းများ၊ အသိပညာ ဟောပြောပွဲများ၊ ဇာတ်တိုက်လေ့ကျင့်မှု‌များကို သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းပြီး ဆောင်ရွက်နေသကဲ့သို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအ‌နေဖြင့်လည်း  Hot Line ဖုန်များကို ၂၄ နာရီဖွင့်လှစ်ပြီး ဆောင်ရွက်နေပါကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ၊ မိမိတို့ ဆောင်ရွက်နေသည့် လူမှုရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်ရန်အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုး မှုပန်းတိုင်ပါ သဘာဝလျော့ပါးရေးဆိုင်ရာလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာမူဘောင်ဖြစ်သော ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးဆိုင်ရာ ဆန်ဒိုင်းမူဘောင်ပါလုပ်ငန်းစဉ်များကိုလည်း  အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် လက်ရှိဖွဲ့စည်းပုံကို နှစ်စဉ်တိုးချဲ့ဖွင့်လှစ်ပြီး ဝန်ထမ်းအင်အား တိုးမြှင့်လာသည်နှင့်အတူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။